မှတ်တမ်း - ၁
နေရာ - အင်တာနက်၊ ဂျီတော့ခ်
အချိန်း 07 Nov 08, 10:05
နိုင်ငံတကာ ဘလော့ဂ်ပြိုင်ပွဲများတွင် ဆုများစွာ ရရှိထားသူ မြန်မာ ရဟန်းတော် အရှင်မေတ္တာစာရ နှင့် သတ္တမနည်းပညာ ရပ်ဝန်းမှ မြန်မာ ဘလော်ဂါ ကိုမင်းကျော် တို့ ပြောဆို ဆွေးနွေးခဲ့ကြသည့် မှတ်တမ်းများကို ပြန်လည် ဖော်ပြခြင်းဖြစ်သည်။
ashin-mettacara : ဒကာတို့ မြန်မာဘလော်ဂါတွေ အတွက်ရော ဘလော့ဂ်ပြိုင်ပွဲလေးဘာလေး လုပ်ပြီးဆုပေးတဲ့ အစီအစဉ်လေး ဘာလေး မလုပ်ဖြစ် ကြဘူးလား။
kmk : အရှင်ဘုရား ဝင်ပြိုင်မလို့လား ဘုရား။
ashin-mettacara : မဟုတ်ပါဘူး ဒကာရဲ့။ လုပ်ဖြစ်ရင် ကောင်းမယ် ဆိုတာကို ပြောမလို့ပါ။ အင်တာနက်ပေါ်မှာ ဒီလိုပြိုင်ပွဲတွေ လုပ်နေကြတာ နည်းမှ မနည်းတာပဲလေ။ မြန်မာဘလော်ဂါတွေလည်း အခုဆို အတော်များနေပြီဆိုတော့ သူတို့ တစ်တွေကို စုစုစည်းစည်းလေး ဖြစ်သွားအောင် မှတ်တမ်းတင် ထားဖို့ရယ်၊ နောက် တနည်းအားဖြင့် အချိန်ကုန်၊ ငွေကုန် လူအပင်ပန်းခံပြီး အားထုတ်ထားတဲ့ သူတို့ တတွေရဲ့ အားထုတ် ကြိုးပမ်းမှုတွေကို မြေတောင်မြောက်၊ အသိအမှတ် ပြုပေးရာလည်း ရောက်တာပေါ့။
kmk : မှန်ပါတယ် ဘုရား။ အရှင်ဘုရား ပြောတာ။ သို့သော်လည်း တပည့်တော် တို့မှာက ဘလော်ဂါ ဆိုတာကလွဲလို့ ဘာ သြဇာ၊ အရှိန်အဝါမှလည်း မရှိတော့ တပည့်တော်တို့ ပေးတဲ့ ဆုကို အချင်းချင်း တန်ဖိုးထားပါ့မလား ဘုရာ့။ နောက်ပြီး ဆုပေးတယ် ဆိုကတည်းက စာရွက်လေးနဲ့ပဲ ပထမဆု ရပါတယ်ဆိုပြီး ပေးပြန်ရင်လည်း မသင့်တော်ပြန်ဘူးဘုရာ့။ အနည်းဆုံးတော့ ထိုက်ထိုက်တန်တန်လေး ဖြစ်မှလည်း ဆု ဆိုတာနဲ့ လိုက်ဖက် ညီမှာကိုး ဘုရာ့။
ashin-mettacara : သြော်.. အဲဒီလိုလဲ မဟုတ်သေးဘူးပေါ့ ဒကာရဲ့။ ဆုပေးတယ်၊ ပြိုင်ပွဲလုပ်တယ် ဆိုကတည်းက အရှိန်အဝါရှိတဲ့သူ၊ သြဇာ ရှိတဲ့သူ တွေကပဲ ပေးရမယ်လို့ ဘယ်သူ သတ်မှတ်ထားလို့တုန်း။ နောက်ပြီး ငွေသားတွေ၊ တန်ဖိုး ကြီးကြီး ပစ္စည်းတွေ ပေးတိုင်းလည်း “ဆု”ဆိုတာရဲ့ မူလ အဓိပ္ပါယ် တန်ဖိုးတက်မလာပါဘူး။ အဓိက ကတော့ ဆုပေးကြသူတွေနဲ့ ဆုရရှိသူတွေကြားမှာ ရော၊ ကျန်တဲ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း တစ်ခုလုံးမှာပါ ဒီ “ဆု” အပေါ် တန်ဖိုးထားမှု၊ ဂုဏ်ယူမှု နှင့် အချင်းချင်း တစ်ဦးကို တစ်ဦး အပြန်အလှန် လေးစားမှု၊ ချစ်ကြည်မှု၊ စည်းလုံးညီညွတ်မှု စတာတွေကို အခြေခံကြဖို့ပါပဲ။
နောက်ပြီး တစ်ကယ်လို့ ဒကာတို့ အဲဒီ ဘလော်ဂါတွေနဲ့ ပတ်သက်လို့ ဆုပေးဖို့ အစီအစဉ် တစ်ခုခုကို အကောင်အထည်ဖော်မယ် ဆိုတာနဲ့ လိုအပ်ခဲ့ရင်လည်း ဆုပေးဖို့ လိုအပ်တဲ့ ထောက်ပံ့မှုရဲ့ တစ်စိတ်၊ တစ်ဒေသ ကို ဦးဇင်း ပေးလှူဖို့ အတွက် မေးကြည့်တာပါ။
ဆုပေးပွဲ အတွက် လိုအပ်တဲ့ အကြံဥာဏ်တွေရှိရင်လည်း ဦးဇင်း ကူညီဖို့ ဝန်မလေးဘူးနော်။ ဦးဇင်းရဲ့ အတွေ့အကြုံတွေကနေ တဆင့်ပြန်ပြောပေးဖို့ အသင့်ပါပဲ။
kmk : မှန်ပါ။ အရှင်ဘုရား ပြောတာတွေ သင့်မြတ်လှပါတယ် ဘုရား။ ဒါပေမယ့်လည်း ဒီကိစ္စက တပည့်တော် တစ်ယောက်တည်း လုပ်လို့ ရတဲ့ ကိစ္စ မဟုတ်တဲ့ အပြင်၊ အားလုံး ဝိုင်းဝန်း ဆုံးဖြတ် လုပ်ကိုင်ကြမှ သင့်တော်မယ့် ကိစ္စဖြစ်တဲ့ အတွက် တပည့်တော် ကျန်တဲ့ ဘလော်ဂါ မိတ်ဆွေများနှင့် တိုင်ပင်ဆွေးနွေး ကြည့်ပါရစေ ဘုရား။ တစ်ခုရှိတာက အခုလောလောဆယ်တော့ တပည့်တော်လည်း အိမ်တစ်ဖက်၊ ကျောင်းတစ်ဖက် အပြင်၊ ကျန်တဲ့ လူမှုရေး ကိစ္စတွေကလည်း အပူလေးတွေ ရှိနေသေးတာမို့ ချက်ချင်းတော့ ဖြစ်နိုင်မယ် မထင်ဘူးဘုရာ့။
ashin-mettacara : ကောင်းပါပြီ ဒကာ။ ဦးဇင်းလည်း ချက်ချင်းကြီး လုပ်ဖို့ရယ်လို့ တိုက်တွန်းတာ မဟုတ်ပါဘူး။ ဒီလို အစဉ်အလာလေး အစပျိုးလုပ်ကြည့်ကြဖို့၊ နောက် မြန်မာ ဘလော့ဂ် လောကမှာလည်း ဒါမျိုးလေးရှိသင့်တယ် ထင်လို့ တိုက်တွန်း အကြံပေးတဲ့ သဘောပါ။ ဒကာတို့ လုပ်ဖြစ်ကြမယ် ဆိုရင်သာ ဦးဇင်းကို လိုတဲ့ အကူအညီတောင်းဖို့ မမေ့နဲ့ဗျာ။
kmk : တင်ပါ့ဘုရား။

