Better Tomorrow ၏ ပဲ့ကိုင်ရှင် နှင့် အင်တာဗျူး

၂၀၀၈ ခုနှစ်အတွက် အကောင်းဆုံး ပရဟိတ ဝက်ဘ် ဘလော့ဂ်ဆုအတွက် မဲအများဆုံးရရှိ ခဲ့သော Better Tomorrow ၏ ပဲ့ကိုင်ရှင် ကိုအောင်ကြည်နှင့် တွေ့ဆုံ မေးမြန်းခြင်း။

ပိုကောင်းမယ့် မနက်ဖြန် ဘလော့ဂ်သည် ထိုင်းနိုင်ငံသို့ အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားတို့၏ အနိုင်ကျင့် ခေါင်းပုံဖြတ်ခံရမှုများ၊ ကျန်းမာရေး၊ လူမှုရေး၊ ပညာရေး အခက်အခဲများကို ဖော်ထုတ်ရေးသားသော ဘလော့ဂ် ဖြစ်သည်။

မေး - MBAA ကို ဘယ်လို စသိပါသလဲ။

ဖြေ - ကိုသင်ကာရဲ့ ဂျီတော့ခ် မက်ဆေ့ခ်ျကနေ စပြီး မြင်မိပါတယ်။

မေး - မြင်လိုက်တဲ့ အခါ…။

ဖြေ - သေချာ သွားမကြည့်ဖြစ်သေးခဲ့ဘူး။ အလုပ်သွားခါနီးမို့။ သွားကြည့်ဖြစ်တဲ့ အချိန်မှာ ၂၃ မဲရနေပြီ။ တော်တော် ဝမ်းသာမိပါတယ်။

မေး - ဘလော့ဂ်ကို ဘယ်တုန်းက စရေးခဲ့ပါသလဲ။

ဖြေ - မနှစ်က စက်တင်ဘာ တော်လှန်ရေး ဖြစ်သွားပြီး နောက်ပိုင်းပါ။

မေး - မဲပေးနေကြစဉ်မှာ အရွေးခံ ဘလော့ဂ်ရှင် အနေနဲ့ ကြုံရတာလေးတွေ ပြောပြပါဦး။

ဖြေ - ငါ့ဘလော့ဂ်တော့ မဲပေးခံစာရင်းထဲ ပါနေတယ်။ မဲပေးကြနော်လို့တော့ ဆော်သြမိပါတယ်။ ကျနော့်ဘလော့ဂ် မဲဘယ်လောက်ရပြီ ဆိုတာအပြင် အာရှအကောင်းဆုံးဘလော့ဂ်ပြိုင်ပွဲမှာ အိန္ဒိယနဲ့ သူတင်ကိုယ်တင်ပြေးနေတဲ့ အရှင်မေတ္တာစာရတို့ ဘယ်သူ ဘယ်နှမဲ ရှိပြီဆိုတာကို ရုံးက နို့တစ်ဘုတ်မှာ နေ့စဉ် မြေဖြူနဲ့ ရေးထားပါတယ်။

မေး - မြန်မာဘလော့ဂ် ပရက်အဖွဲ့ရဲ့ စီစဉ်မှုအပေါ် အမြင်ကို သိပါရစေ။

ဖြေ - မဲထိန်းချုပ်တဲ့ နည်းပညာကိုတော့ ကျနော် နားမလည်ပါဘူး။ တင်းကြပ်တဲ့နည်းတဲ့ မှန်ကန်အောင် ဘယ်လိုလုပ်ဆောင်ကြောင်း သိချင်ပါတယ်။

(ယခုအခါ မြန်မာဘလော့ဂ် ပရက်မှ ဖော်ထုတ်ရေးသားပြီး။)

မေး - ဆုရပြီဆိုတော့ ဘာဆက်လုပ်မလဲ။

ဖြေ - အသိအမှတ်ပြုမှုရှိတော့ လုပ်ရတာ ပိုအားရှိပါတယ်။ မိုက်ဂရန့်တွေရဲ့ ရင်ထဲကစကား ဒုက္ခတွေကို ပိုပြီး ထုတ်ဖော် တင်ပြဖို့ အားရှိလာပါတယ်။

မေး - နောက်ဆုံးအနေနဲ့ ဘာများ ပြောချင်ပါသေးလဲ။

ဖြေ - ကျနော်က မြန်မာပြည်က တရားမဝင် ဝင်ရောက်လာသူတွေ အကြောင်း ဘလော့ဂ် ရေးတယ် ဆိုပေမယ့် လွယ်တာတော့ မဟုတ်ပါဘူး။ မြန်မာရွေ့ပြောင်း အလုပ်သမားတွေဆီကိုသွားပြီး ကျန်းမာရေး ပညာပေး ဟောရင်တောင် အလုပ်သမားတွေကို မြှောက်ပေးတယ်လို့ ထိုင်းသူဌေးက ထင်တတ်ပါတယ်။ ထိုင်းသူဌေးရဲ့ လူမိုက်တွေကိုလည်း ကြောက်ရသေးတယ်။ ဒါပေမယ့် အင်ဖော်မေးရှင်းအတွက် လုပ်လို့ရတာ လုပ်မယ်ဆိုပြီး လုပ်တာပါ။ ကျနော် ဘလော့ဂ်မှာ ဆက်ရေးပါဦးမယ်။ ရေးလို့ရသလောက် ဆက်ရေးနေပါဦးမယ်။

လေးစားစွာဖြင့်

Better Tomorrow ( ကိုအောင်ကြည် )

Leave a Reply