ဖွဲ့တည်ရာ မဂ္ဂဇင်းအဖွဲ့သားများ နှင့် အင်တာဗျူး

မေး. ဘလော့ဂ်အကယ်ဒမီပေးပွဲ ဆိုတာကို စကြားမိတော့ စိတ်ထဲမှာ ဘယ်လို ခံစားရပါသလဲ၊ ဘယ်လို ထင်မြင် မိပါသလဲ။
ဖြေ - ရှိသင့်တာတစ်ခု ရှိလာတယ်လို့ ထင်ပါတယ်။ မုဒိတာပွားပါတယ်။

မေး. ဘလော့ဂ်အကယ်ဒမီပေးပွဲဟာ ဘလော့ဂါတွေအပေါ်ကို ဘယ်လို ဂယက်ရိုက်စေနိုင်တယ်လို့ ထင်မြင်မိပါသလဲ။

ဖြေ - လှုပ်သွားစေတယ်လို့တော့ အသေအချာ ပြောနိုင်ပါတယ်။ လှုပ်သွားတာမှာ အကောင်းဖက်က မြင်တာနဲ့ အဆိုးမြင်တာ နှစ်ဘက်တော့ တွေ့ရ ပါတယ်။

မေး. မဲပေးစနစ်ကို ကျေနပ်မှု ရှိပါသလား၊ ဒီ့ထက်ပိုမိုကောင်းမွန်တဲ့ နည်းလမ်း အကြံပြုချင်တာများ ရှိပါသလား။
ဖြေ - သိရသလောက် ကျေနပ်မှုရှိပါတယ်။ ပယ်မဲ ထက်ဝက်နီးပါးဖြစ်နေတာကတော့ အံ့သြမိပါတယ်။ အကြောင်းကြောင်းကြောင့် ကျော်ခွ ပေးကြရတာလည်း ရှိမယ် ထင်ပါတယ်။ ကျနော်တို့က နည်းပညာပိုင်း သိပ်နားမလည်တဲ့အတွက် ပိုကောင်းအောင် ဘယ်လိုလုပ်သင့်ကြောင်း အကြံ ပေးနိုင်မယ် မထင်ပါဘူး။ ပေးနိုင်တဲ့ အကြံကတော့ ကဏ္ဍတွေ ရွေးချယ်ရာမှာ နဲ့ အမျိုးအစားခွဲရာမှာ နောက်နှစ် ပိုကောင်းလာစေဖို့ပါပဲ။

မေး. အခုလို ဆု ရရှိတဲ့အတွက် ဘယ်လိုခံစားရပါသလဲ။
ဖြေ - လူစုံ တက်စုံမှာ နွှဲရတဲ့ပွဲမဟုတ်တော့ တခြားသူတွေကို အားတုံ့အားနာတော့ ဖြစ်မိပါတယ်။

မေး. အခုရရှိတဲ့ ဆု ဟာ မိတ်ဆွ အပေါ် ဘယ်လို အသုံးဝင်စေ ပါသလဲ။ လာမည့် နှစ်တွေ မှာ ဘယ်လို ဆု မျိုးတွေ ပေးသင့်ပါသလဲ။
ဖြ - ဟုတ်ကဲ့။ ကျနော်တို့ မဂ္ဂဇင်းက သုံးနေတဲ့ Wordpress က ဗားရှင်းမြှင့်ပြီးနောက် ပို့စ်တင်လို့ မရဘဲ Error ပြနေပါတယ်။  ဆုရရှိလိုက်တော့ ရတာနဲ့ ကမန်းကတမ်း ဘလော့ဂ်ကို ရွှေ့ရမယ်ထင်ပါတယ်။ လာမယ့်နှစ် ဘယ်လိုဆုတွေ ပေးရမလဲဆိုတာ ရုတ်တရက်ဖြေရရင် အမျိုးအစားတွေ စေ့စေ့စပ်စပ်ခွဲပြီး ကဏ္ဍစုံအောင် လုပ်သင့်တယ် ထင်ပါတယ်။ The Blogger of the Year ဆိုတာမျိုးလေးလည်း ပေးသင့်တယ် ထင်ပါတယ်။  မြန်မာ ဘလော့ဂ်တွေရဲ့ သဘာဝက ရောထွေးနေတယ်။ တစ်ယောက်ထဲက ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး အကုန်ရေးတာ တွေ့ရတယ်။ စပယ်ရှယ်လိုက်ဇ် နည်းတယ်။ အခု နောက်ပိုင်း ကယ်ရီကေးချား သီးသန့်၊ ဓာတ်ပုံသီးသန့်၊ ကဗျာ သီးသန့် ဆိုတာလေးတွေ စတွေ့လာရပါပြီ။

မေး. ဘလော့ဂ်အကယ်ဒမီပေးပွဲနဲ့ပတ်သက်ပြီး မိမိစိတ်ထဲ ခံစားရသမျှ အလွတ်သဘော ဆွေးနွေးပြောဆိုပေးပါ။

ဖြေ - ပြောဆို ဝေဖန်ကြတာတွေကို ကျနော်တို့ မဂ္ဂဇင်းက အလွတ်သဘော စောင့်ကြည့်လေ့လာခဲ့ပါတယ်။ စွပ်စွဲ တိုက်ခိုက်မှုတွေ ရှိသလို၊ အားပေး ကြိုဆိုတာတွေလည်း တွေ့ရတယ်။ အများအားဖြင့် လုံလောက်တဲ့ အင်ဖော်မေးရှင်းမရဘဲ အလောတကြီး ဝေဖန်ပြောဆိုကြတာ သတိပြုမိပါတယ်။ နောက်နှစ်မှာ လုပ်ဖြစ်မယ် ဆိုရင် ကဏ္ဍခွဲတာနဲ့ အမျိုးအစားသတ်မှတ်တာကို အချိန်ယူသင့်တဲ့ အပြင် မဲပေးရက်ကိုလည်း များများ ပေးထား စေချင်ပါတယ်။

မြန်မာဘလော့ဂ် ပရက်စ်ကို ဖွဲ့တည်ရာ မဂ္ဂဇင်းအဖွဲ့သားများကလည်း ကျေးဇူးတင်ပါတယ်။

လေးစားစွာဖြင့်

ဖွဲ့တည်ရာ မဂ္ဂဇင်းအဖွဲ့သားများ

Leave a Reply