MBAA 2008 Programme ဖြစ်ပေါ်လာအောင် အားထုတ်ခဲ့ကြသူတို့၏ အခြေပြုစတင်ရာ အကြောင်း အရင်း၊ ရင်ဆိုင်ခဲ့ရသော အခက်အခဲများ နှင့် လာမည့် အနာဂတ်ကာလများတွင် ပြုလုပ်မည့် မြန်မာဘလော့ဂ်များ အတွက် အစီအစဉ် စသဖြင့် MBAA 2008 အစီအစဉ်၏ မူဝါဒနှင့် လုပ်ငန်းဆောင်တာ ဆိုင်ရာများကို စေ့ငုစွာ မေးမြန်း ဆွေးနွေး အဖြေပေးထားကြသည့် လောကအလှ အွန်လိုင်းမဂ္ဂဇင်း နှင့် MMBlogPress Team တို့၏ တွေ့ဆုံ ဆွေးနွေးခန်း ကဏ္ဍ ကို အားလုံး သိရှိ ဖတ်ရှုနိုင်ကြစေရန် ရည်ရွယ်လျက် ပြန်လည် မှတ်တမ်းတင် ဖော်ပြ အပ်ပါသည်။
၁။ မြန်မာဘလော့ဂ်ဂါတွေကို ရွေးချယ်ပြီး မြန်မာဘလော့အကယ်ဒမီဆု (MBAA) ပေးဖို့ အစီအစဉ် ဘယ်လိုကနေ စတင် စိတ်ကူးရခဲ့တာပါလဲ။ ဘယ်သူ တစ်သီးပုဂ္ဂလ ၊ ဒါမှ မဟုတ် ဘယ် အဖွဲ့အစည်းက စပွန်ဆာ လုပ်ပြီး ဆုရွေးချယ်ပေးတယ်ဆိုတာ သိပါရစေ။
ဖြေ။ ။ MBAA 2008 Programme ဖြစ်လာတဲ့ မူလ အခြေခံ အကြောင်းရင်းကတော့ ကျွန်တော်တို့ MMBlogPress Team ဖြစ်လာမယ့် ဦးဆောင် အဖွဲ့ဝင် မြန်မာ ဘလော်ဂါတစ်ဦးနဲ့ နိုင်ငံတကာမှ ပေးအပ်တဲ့ အကောင်းဆုံး ဘလော့ဂ် ဆုပေါင်းများစွာ ရရှိထားတဲ့ ပြည်ပရောက် မြန်မာ ဘလော်ဂါ ရဟန်းတော် တစ်ပါးရဲ့ ဆွေးနွေးပွဲကနေ အစပြုခဲ့ပါတယ်။ ဒါပေမယ့် အခြေအနေ အကြောင်း အမျိုးမျိုး၊ အခက်အခဲ အဖုံဖုံတို့ကြောင့် ဆွေးနွေးပွဲ ပြီးခဲ့ပြီး ၁ လကျော်ကြာတဲ့ အထိ မြန်မာအကောင်းဆုံး ဘလော့ဂ်များ ဆုပေးပွဲ ပြုလုပ်ရေး အစီအစဉ်ကို အစမပြုနိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ လွန်ခဲ့သော ဒီဇင်ဘာ ၂၀ ရက်နေ့ ၊ ၂၀၀၈ ခုနှစ်မှာ The Best of Myanmar Blog ဆိုပြီး မြန်မာ ဘလော့ဂ် တွေကိုဆုပေးမယ် ဆိုတဲ့ မြန်မာ ဘလော့ဂ် တစ်ခု ပေါ်လာခဲ့ပါတယ်။ ထိုဘလော့ဂ်ရဲ့ ဆုပေးမယ့် အစီအစဉ်နဲ့ ဘလော့ဂ်များ ထည့်သွင်းထားမှု အခြေအနေတွေကိုလည်း နာမည်ကြီးနှင့် ထင်ရှားတဲ့ ဘလော်ဂါ အတော်များများ မပါဝင်မှု ဆိုတာကို အဓိက ထောက်ပြပြီး အားလုံးက တရားဝင် မဟုတ်စေကာမူ ကျယ်ကျယ် လောင်လောင် နဲ့ ဝေဖန်ခဲ့ကြတာကို တွေ့ရပါတယ်။
ကျွန်တော်တို့ အနေနဲ့လည်း မိမိတို့ ကိုယ်တိုင် ဘလော်ဂါများ ဖြစ်နေတဲ့ အတွက် အဲဒီဘလော့ဂ်ကို သွားကြည့်တဲ့ အခါမှာ ကဏ္ဍလိုက်၊ သက်ဆိုင်ရာ ခေါင်းစဉ်လိုက် ဘလော့ဂ်များကို ခွဲခြားထားခြင်း၊ နောက် ပြိုင်ပွဲဝင် ဘလော့ဂ် အရေအတွက်ဟာ ဆိုရင်လည်း ဆယ်ဂဏန်းကျော်မျှသာ ရှိနေခြင်း စတာတွေနဲ့ အတူ မြန်မာ ဘလော့ဂ် လောကမှာ တစ်ခါမှ မရှိသေးဘူးတဲ့ ဒီအစီအစဉ်နဲ့ အစဉ်အလာ ကောင်းလေးကို ကဏ္ဍစုံ၊ နယ်ပယ်စုံ၊ ဘက်စုံ၊ ထောင့်စုံက မြန်မာဘလော့ဂ်တွေ ပါဝင်လာနိုင်အောင်၊ ဒီအခြေအနေထက် ပိုကောင်းအောင် လုပ်ပေးနိုင်ရင် ကောင်းမယ် ဆိုတဲ့ အတွေးတွေ ဝင်ခဲ့ကြပါတယ်။
အဲဒီ အတွေးတွေနဲ့ အတူ ကျွန်တော်တို့ကိုယ် ကျွန်တော်တို့ ပြန်မေးဖြစ်ခဲ့တဲ့ “ငါတို့ လုပ်နိုင်မလား” ဆိုတဲ့ မးခွန်းတစ်ခုက လက်ရှိမှာ မြန်မာ ဘလော်ဂါ (၄) ဦး ပါဝင်ဖွဲ့စည်းထားတဲ့ MMBlogPressTeam နဲ့ အတူ MBAA 2008 (Myanmar Blog Academy Award) ဆိုတဲ့ အစီအစဉ်တစ်ခုကို မွေးဖွားစေခဲ့တယ် လို့ပြောချင်ပါတယ်။
ဒီလိုနဲ့ ဆုပေးပွဲလုပ်မယ် ဆိုပြီး အကောင်အထည်ဖော်ဖို့ စတင်ကြိုးစားတဲ့ အချိန်မှာ ကျွန်တော်တို့ စပြီးတွေးခဲ့တာက အင်တာနက် အသုံးပြုနိုင်သော မည်သည့် မြန်မာလူမျိုး မဆို ကိုယ်တိုင်ကိုယ်ကျ လွတ်လပ်စွာ မဲပေးရွေးချယ်နိုင်တဲ့ စနစ်နဲ့ ကဏ္ဍ အလိုက် အားလုံး ရဲ့ ဆန္ဒမဲ အများဆုံးရ မြန်မာ ဘလော်ဂါများကို ဂုဏ်ပြုလက်မှတ် တစ်စောင်နဲ့ ကျွန်တော်တို့ MMBlogPress Team အဖွဲ့ဝင်များရဲ့ ရန်ပုံငွေ တစ်ရပ်ထဲမှ သင့်တော်ရာ လက်ဆောင်တစ်ခုခု စီကိုသာ ပေးအပ်သွားရုံ စီစဉ် ထားရှိ ခဲ့ကြပါတယ်။
ဒါပေမယ့် ကျွန်တော်တို့ ပေးတဲ့ “အကောင်းဆုံး မြန်မာ ဘလော့ဂ် အကယ်ဒမီဆု” ဆိုတာရဲ့ အဓိပ္ပါယ်ကို ပိုမိုလေးနက်စေဖို့နဲ့ လက်ခံရရှိတဲ့ ဘလော်ဂါတွေ အတွက်လည်း မိမိရရှိတဲ့ ဆု အပေါ်မှာ ပိုမို ဂုဏ်ယူ ဝမ်းမြောက် နိုင်ကြစေဖို့ ကျွန်တော်တို့ရဲ့ ဆုပေးပွဲ အစီအစဉ်နဲ့ လုပ်ဆောင်ထားရှိမှု အပေါ်မှာ မည်သည့် လွှမ်းမိုး ချယ်လှယ်မှုမျိုးမှ မရှိတဲ့ ၊ သတင်း မီဒီယာနဲ့လည်း သက်ဆိုင်မှုရှိတဲ့ အများက လေးစားယုံကြည်ဖွယ် စေတနာ ရှင်သက်သက် အလှူရှင် အဖွဲ့အစည်းတစ်ခုကို ရှာဖို့ အားလုံး သဘောတူ ဆုံးဖြတ်တိုင်ပင် ခဲ့ကြပါတယ်။ အဲဒီ ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ လိုက်လံတွေ့ဆုံ ဆွေးနွေးကြည့်တဲ့ အခါမှာ BMA ခေါ် မြန်မာသတင်း သမဂ္ဂအနေနဲ့ ကျွန်တော်တို့ရဲ့ အစီအစဉ်နဲ့ လုပ်ဆောင်ထားရှိမှု အပေါ်မှာ သုံးသပ်ဆွေးနွေးခြင်းများ ပြုလုပ်ပြီး ဆုပေးခြင်း အစီအစဉ်အတွက် မည်သည့် လွှမ်းမိုးမှုမျိုးမှ မပါတဲ့ ကူညီမှုမျိုး ပေးသွားဖို့ သဘော တူညီခဲ့ကြပါတယ်။
အဲဒီအတွက် ဒီဆုပေးပွဲ အစီအစဉ်တစ်ခုလုံးကို စတင်အကောင် အထည်ဖော်ခြင်း၊ မဲပေးခြင်း၊ မဲရေခြင်းများ၊ ဘလော့ဂ်အရေအတွက်များကို တောင်းဆိုချက်များ အရ ထပ်ပေါင်းထည့်ခြင်း၊ ဖျက်သိမ်းခြင်းများ နှင့် ဆုပေးပွဲ အစီအစဉ်တစ်ခုလုံးကို စောင့်ကြည့် ထိန်းသိမ်းခြင်းများ အတွက် MMBlogPressTeam မှ အဖွဲ့ဝင်များဖြင့် အချိန်ပြည့် လုပ်ဆောင်လျက်ရှိပြီး၊ အပြီးသတ် အဆုံးအဖြတ် ပေးသူ အဖြစ်တော့ မဲပေးသူ ပရိတ်သတ်များ ကိုယ်တိုင် အရေးကြီးနေရာမှ ပါဝင်လျက်ရှိပါတယ်။ ပြိုင်ပွဲဝင် ကဏ္ဍ အလိုက် အစီအစဉ်များ အတွက် ပေးအပ်တဲ့ ဆုများကတော့ MMBlogPressTeam ရဲ့ မှတ်တမ်းတင် ဂုဏ်ပြုလွှာ တစ်ခုစီနဲ့ မြန်မာ သတင်းသမဂ္ဂရဲ့ ဆုပစ္စည်း လက်ဆောင် တစ်ခု တို့ ဖြစ်ကြောင်း ဖြေကြားလိုပါတယ်။
၂။ ဘလော့ဂ်တွေပေါင်းများစွာ ရှိတဲ့အနက်မှာ အမျိုးအစားခွဲ categorize လုပ်တဲ့အခါမှာ ဘယ်လို ဆုံးဖြတ် ခွဲခြားပါသလဲ။
ဖြေ။ ။ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ အကြီးမားဆုံး ပြဿနာတွေထဲက တစ်ခုပါပဲ။ ဒီဟာနဲ့ ပတ်သက်လို့ ဘလော့ဂ်ဖတ်သူ ပရိတ်သတ်များထံမှလည်း ကျွန်တော်တို့ ဆီကို ဆွေးနွေး အကြံပြုချက်တွေလည်း များစွာရောက်ရှိခဲ့ပါတယ်။ အဲဒီထဲက တစ်ချို့သော ပေးစာများ ကိုလည်း ကျွန်တော်တို့ထံမှ ပြန်စာများနဲ့ တစ်ကွ ကျွန်တော်တို့ ဘယ်လို ဆုံးဖြတ်လုပ်ကိုင်ခဲ့ကြတယ် ဆိုတာ အားလုံး ဖတ်ရှု၊ သိရှိနိုင်အောင် တင်ပြပေးသွားဖို့ ရှိပါတယ်။လောလောဆယ် အနေနဲ့ ကျွန်တော်တို့ ဒီမေးခွန်းကို အကျဉ်းချုပ်ဖြေရရင် ကျွန်တော်တို့ မြန်မာဘလော့ဂ် တွေကို အမျိုးအစားခွဲတဲ့ နေရာမှာ ပြင်ပလောကမှာ ရှိတဲ့ Press Media လို့ခေါ်တဲ့ ပုံနှိပ်စာပေနယ်ပယ်က သတ်မှတ်ချက်၊ ဥပဒေသများ အားလုံးအတိုင်း အတိအကျကို လိုက်လံခွဲခြားခြင်း နည်းဖြင့် အသုံးပြု မခွဲခြားခဲ့ကြပဲ Blog Media Press ဘလော့ဂ်ဂင်း မီဒီယာ နှင့် ဥပဒေသ ပုံစံအရ ယေဘူယျ အရောင်ကဲသဖြင့် ခွဲခြားသည့် နည်းကို သုံးရန် ဆုံးဖြတ်ခဲ့ ကြပါတယ်။ ဥပမာ အနေနဲ့ ဘလော့ဂ်တစ်ခုမှာ ပို့စ်ပေါင်း ၁၀၀ အနက်၊ ကိုယ်ရေးကိုယ်တာ၊ ဒိုင်ယာယီ ဆန်ဆန်ရေးထားသော ပို့စ်များ၊ တဂ် ထားသောပို့စ်များ၊ ထမင်းဟင်း ချက်နည်းနှင့် မွေးနေ့ ဆုတောင်းများမပါ ကဗျာ အပုဒ်ပေါင်း ၃၊၄ဝ ခန့်တွေ့သည် ဆိုလျင်ပင် ထိုဘလော့ဂ်ကို ကဗျာ ကဏ္ဍအောက်သို့ ထည့်သွင်းရန် စည်းမျဉ်းသတ်မှတ်ခဲ့ကြပါတယ်။နောက် တစ်ချို့သော ဘလော်ဂါ တွေ အနေနဲ့လည်း ကျွန်တော်တို့ ဆီကိုပြိုင်ပွဲဝင်ဖို့ Request လုပ်တဲ့ နေရာမှာ သူတို့ ကိုယ်တိုင်ကိုက ကျွန်တော်/ကျွန်မရဲ့ ဘလော့ဂ်ကိုတော့ ဘယ်ကဏ္ဍအောက်မှာ ထည့်သွင်းပြိုင်ပွဲ ဝင်လိုပါတယ်ဆိုတာမျိုးတွေ ရှိပါတယ်။ အဲဒီလို ဘလောဂ် ပိုင်ရှင်ရဲ့ ဆန္ဒအရနဲ့ ကျွန်တော်တို့ရဲ့ မျက်မြင် တွေ့ရှိချက်တွေအရအလွန်အမင်း ကွာဟ မနေရင် တောင်းဆိုတဲ့ ကဏ္ဍအောက်ကို ထည့်သွင်း ပေးလိုက် တာမျိုးတွေ ရှိပါတယ်။
၃။ ဒီလို အင်တာနက် စာမျက်နှာပေါ်မှာ မဲပေးစံနစ်နဲ့ အများပြည်သူက ရွေးချယ်တဲ့ စံနစ်ကို သုံးထားတော့ ၀က်ဆိုက်မှာ လုံခြုံရေးအတွက် နည်းပညာပိုင်းကို ဘယ်လိုဆောင်ရွက် ထားပါသလဲ ဆိုတာ ပြောပြပေးနိုင်မယ်ဆိုရင် ပြောပြပေးပါ။
ဖြေ။ ။ မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈) လက်ခံ ကျင်းပနေတဲ့ ဆိုဒ်ကို လုံခြုံရေး အရ မူလကတည်းက ဝဘ်ဆာဗာပါ Security Guard တစ်ခုဖြစ်တဲ့ McAfee Web Server Security နဲ့ နေ့စဉ် စစ်ဆေးခြင်း ပြုလုပ်လျက်ရှိပါတယ်။ ဒါ့အပြင် သက်ဆိုင်ရာ ဝဘ်မာစတာတွေ အနေနဲ့လည်း သူတို့ရဲ့ ကိုယ်ပိုင် အလုပ်ဖြစ်သည်နဲ့ အညီ ၂၄×၇ ဝဘ်ဆာဗာ လုံခြံရေးအတွက် စောင့်ကြည့်ခြင်းများ ပြုလုပ်လျက်ရှိပါတယ်။ မူလက ကျွန်တော်တို့ အနေနဲ့ မဲပေးခြင်း နည်းစနစ်ကို လူတိုင်း လွတ်လပ်စွာ ဝင်ရောက် မဲပေးနိုင်သော ပြိုင်ပွဲ ဖြစ်သည်မှန်သော်လည်း Proxy ဆာဗာသုံးပြီး တစ်ဦး တစ်ယောက်ထဲက ဘလော့ဂ် တစ်ခုခုကို အကြိမ်များစွာ ဝင်ရောက် မဲပေးခြင်းကို ကာကွယ်ဖို့ အဆင့်သုံးဆင့်ပါ လုံခြုံရေး စနစ်နဲ့ ကာကွယ် ထားရှိခဲ့ပါတယ်။ ဒါပေမယ့် မြန်မာပြည်တွင်းမှာ ရှိတဲ့ Proxy Server အသုံးပြုပြီး ဝင်ရောက် မဲပေးခွင့် မရကြတဲ့ မဲဆန္ဒရှင်များစွာရဲ့ တောင်းဆိုမှုများ အရ ကျွန်တော်တို့တပ်ဆင်ခဲ့တဲ့ လုံခြုံရေးဆိုင်ရာ အဆင့်သုံးဆင့်ကို လုံးဝ ဖြုတ်ပစ်ခဲ့ရပြီး မဲစနစ်မှာ မူလပါတဲ့ IP Address တစ်ခု၊မဲတစ်စောင် နှုန်း Log File ဖြင့် မှတ်တမ်း ထားရှိခြင်းကိုသာ ထားရှိခဲ့ပါတယ်။ ဒီ Proxy Server များကို ကာကွယ်ထားတဲ့ Security ဆိုင်ရာ အဆင့် သုံးဆင့်ကို မဖြုတ်ပစ်မှီက ဆိုရင်လည်း ဒါဟာ Static IP (Assigned by ISP) သုံးတဲ့ Proxy Server များသက်သက်ကိုသာ အကြိမ်ကြိမ် မဲပေးခြင်းမှ ကာကွယ် ထားနိုင်တာ ဖြစ်ပြီး DHCP (Dynamic Host Configuration Protocol) နည်းနစ်ကို အသုံးပြုထားတဲ့ Dynamic IP Address များကိုတော့ အပြည့်အဝ ကာကွယ်ပေးနိုင်ခြင်း မရှိပါဘူး။ ဆိုလိုတာကတော့ Dynamic IP သုံးသူများ အနေနဲ့ ကျွန်တော်တို့ရဲ့ အားနည်းချက်ကို အခွင့်ကောင်းယူပြီး၊ မိမိရရှိတဲ့ အခွင့်အရေးကို အပြည့်ယူကာ တရားမျှတမှု၊ ရိုးသားမှု ဆိုတာတွေကို မျက်ကွယ်ပြုပြီး အိုင်ပီ တစ်ခုပြောင်းတိုင်း ထပ်ကာထပ်ကာ မဲပေးမယ် ဆိုရင်တော့လည်း ဖြစ်လာနိုင်မှာ ဖြစ်ပါတယ်။ နောက် အကယ်၍ မဲပေးသူကိုယ်၌က ဆန္ဒရှိမယ် ဆိုရင်တော့ Static IP သုံးသူများ အနေနဲ့လည်း Proxy Server မသုံးထားတဲ့ IP Address နောက် အသစ် တစ်ခုမှ ဖြစ်စေ၊ နောက် စက် တစ်လုံးမှ ဖြစ်စေ၊ အင်တာနက်ကဖေးဆိုင် ဆိုရင်လည်း အခြားအင်တာနက် ကဖေးတစ်ခုမှ ဖြစ်စေ အကြိမ်ကြိမ် အထပ်ထပ် မဲပေးခြင်း ကို ပြုလုပ်နိုင်ပါသေးတယ်။ ကျွန်တော်တို့ အနေနဲ့ အဓိကပြောလိုတာကတော့ နည်းပညာဆိုတာ လူတွေ ဖန်တီးထားတာပါ။ ဒီလူတွေ ဖန်တီးထားတဲ့ နည်းပညာကို လူတွေ ဖန်တီးထားတဲ့ တန်ပြန်နည်းပညာ နဲ့ တုံ့ပြန်နိုင်တာ တွေကလည်း အမြောက်အများပါပဲ။ အဲဒီအတွက် မဲပေးသူကိုယ်၌က မိမိရဲ့ ရိုးသားခြင်း (Self Horner) ကို မိမိကိုယ်တိုင် မျက်ကွယ်ပြုထားမယ်၊ ဆုပေးပွဲ တစ်ခုလုံး အပေါ်မှာရော မိမိပေးလိုက်တဲ့ မဲအပေါ်မှာပါ တန်ဖိုးမထားဘူး၊ အလေးအထားမထားဘူး ဆိုရင်တော့လည်း ကျွန်တော်တို့ အနေနဲ့ကတော့ အရှိတရားကို လက်ခံရုံမှတစ်ပါး အခြား မရှိပါ လို့ပဲ ပြောနိုင်မှာပါ။ ကိုယ် မဟုတ်တာ လုပ်တာ ဘယ်သူမှ မသိဘူး ဆိုပေမယ့်လည်း နောက်ဆုံး ကိုယ်လုပ်တဲ့ မဟုတ်တာ အကြောင်းကို ကိုယ်သိနေတယ် ဆိုတဲ့ အသိမျိုး လူတိုင်းကိုယ်စီ ရှိကြတယ် ဆိုရင်ပဲ ဒီအဖြစ်မျိုးတွေက အလိုလို ရှောင်ရှားပြီးသားဖြစ်သွားမယ် ဆိုတာလည်း ယုံကြည်မိပါတယ်။
၎။ ဘလော့ဂ်ရေးသူ ၊ ဘလော့ဂ်ဖတ်သူ ၊ မဲပေးသူ များက ဒီ အမ်ဘီအေအေ အစီအစဉ်ပေါ်ကို တုံ့ပြန်မှု တွေရှိပါသလား။
ဖြေ။ ။ ကျွန်တော်တို့ရဲ့ ဒီ MBAA 2008 Programme အပေါ်မှာ ဘလော့ဂ်ဖတ်သူ၊ မဲပေးသူ များသာမကပဲ ကျန်တဲ့ Third Party များဆီကပါ ကျေနပ်အားရဖွယ် ဝိုင်းဝန်းတုံ့ပြန်မှုများ၊ ဝေဖန်မှုများ၊ အကြံပေးမှုများ များစွာ ရရှိခဲ့ပါတယ်။ အဲဒီအတွက် အားလုံးသော၊ အမျိုးမျိုးသော တုံ့ပြန်မှု ပေးသူများ၊ ဝေဖန် အကြံပေးသူများ အားလုံးကိုလည်း အလေးအနက် ကျေးဇူးတင်ပါကြောင်း ဒီနေရာက တစ်ဆင့် ပြောလိုပါတယ် ခင်ဗျာ။
၅။ ဒီလို မဲပေးစံနစ်နဲ့ဆိုတော့ မရိုးသားစွာ မဲပေးမှု ၊ မဲလိမ်မှု ၊ မဲခိုးမှုတွေရော ရှိနိုင်ပါသလား။
ဖြေ။ ။ ဒီအဖြစ်မျိုးတွေ မဖြစ်လာစေဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကာကွယ် တားဆီးမှုတွေ ပြုလုပ်လျက်ရှိပါတယ်။ လတ်တလော အနေနဲ့ ကျွန်တော်တို့ တစ်ရက်ကို အနည်းဆုံး Proxy ကျော်ဝင်ပြီး မဲပေးသူ (၂၀) ကနေ (၃၀) ခန့် အထိ မှတ်တမ်းတင် တွေ့ရှိနေပါတယ်။ သူတို့ ကျော် ပေးတဲ့ မဲတွေအတွက် ကျွန်တော်တို့ လိုအပ်ခဲ့ရင် မှတ်တမ်းအလိုက် မဲပေးသူ ပရိတ်သတ် အားလုံးထံကို တင်ပြပြီး ထုတ်နှုတ် ပယ်ဖျက်ဖို့ စီစဉ်ကောင်းစီစဉ် ရနိုင်ပါတယ်။ ဒါတွေ မဖြစ်လာစေဖို့ အကောင်းဆုံးနဲ့ တစ်ခုတည်းသော အစီအစဉ်ကတော့ ကျွန်တော်တို့ အပေါ်မှာ ပြောခဲ့သလိုပဲ လူတိုင်း ကိုယ်တိုင်ကိုယ်ကျ ရိုးသားမှု ရှိဖို့ပါပဲ။ ကျွန်တော်တို့ MMBlogPressTeam အနေနဲ့ကတော့ မဲပေးသူပရိတ်သတ်ရဲ့ မဲပေးခြင်း၊ ပယ်ဖျက်ခြင်း စတဲ့ လုပ်ငန်းများကို စောင့်ကြည့်ရုံနဲ့ ထိန်းသိမ်းရုံ သက်သက်သာ လုပ်ဆောင်ပေးခြင်း ဖြစ်ပြီး အမှန်တစ်ကယ် ဒီပွဲရဲ့ ဒိုင်လူကြီးနဲ့ အဆုံးအဖြစ်ပေးသူ၊ အကဲဖြတ်သူများကတော့ မဲပေးသူ၊ ဘလော့ဂ်ဖတ်သူ ပရိတ်သတ်များသာ ဖြစ်ကြောင်း ဖြေကြားပါရစေ။
၆။ ဆုရွေးချယ်ပေးတဲ့အခါမှာ ဒိုင်အကဲဖြတ်တွေရဲ့ ဆုံးဖြတ်ရွေးချယ်မှုကို ဘလော့ဂ်ရေးသူ ၊ ဘလော့ဂ် ဖတ်သူများ ကျေနပ်ကြမယ်လို့ မျှော်လင့်ထားပါသလား။
ဖြေ။ ။ ဒီမေးခွန်းရဲ့ အဖြေက အပေါ်က အဖြေမှာ ပါသွားခဲ့ပြီးသားလို့ ပြောလို့ရပါတယ်။ ကျွန်တော်တို့ MMBlogPressTeam အဖွဲ့ဟာ အမှန်တော့ မဲပေးရာမှာ မသမာမှုတွေ မဖြစ်လာစေဖို့ အတတ်နိုင်ဆုံး ကာကွယ် စောင့်ရှောက်ခြင်းနဲ့ မဲများအား ရေတွက်ခြင်း စတာ လောက်ကိုသာ လုပ်ပေးနိုင်ကြတဲ့ မဲရုံစောင့်များသာ ဖြစ်ကြပါတယ်။ မြန်မာသတင်းသမဂ္ဂဟာ ဆိုရင်လည်း ပေးအပ်မယ့် ဆုတွေ အတွက် လှူဒါန်းသူ အလှူရှင် သက်သက်သာ ဖြစ်ပြီး ဘယ်သူက ဆုရသင့်တယ်၊ ဘယ်သူက ဆုမရသင့်ဘူး ဆိုပြီး ဒါတွေကို ဝင်ရောက် စွက်ဖက်၊ အကဲဖြတ်၊ အမှတ်ပေး၊ ဆုံးဖြတ်ခြင်းများ လုံးဝ(လုံးဝ) ပြုလုပ် လိမ့်မယ် မဟုတ်ပါဘူး။ မည်သည့် မြန်မာ ဘလော့ဂ်က မည်သည့် ကဏ္ဍ အတွက် အကောင်းဆုံး ဆုရသင့်သည် ဆိုသည်ကို အဓိကအဆုံးအဖြတ် ပေးနေသူနဲ့ အကဲဖြတ် အမှတ်ပေးနေကြသူ၊ ဒီ မြန်မာဘလော့ဂ် အကယ်ဒမီဆု (၂၀၀၈) ရဲ့ အမှန်တစ်ကယ် ဒိုင်လူကြီးဖြစ်သူများ ကတော့ ဘလော့ဂ်ဖတ်သူ၊ ဘလော့ဂ်ရေးသူ နဲ့ မဲပေးသူ ပရိတ်သတ်များ ကိုယ်တိုင်သာ ဖြစ်ကြပါတယ်။ အဲဒီအတွက် အများဆန္ဒနဲ့ အများကိုယ်တိုင် သတ်မှတ်ရွေးချယ်ပေးအပ်တဲ့ ဆုများဖြစ်ကြလို့ ဆုရရှိသူ ဘလော်ဂါများရော၊ မဲပေးသူ ပရိတ်သတ်များအားလုံးပါ ဒီရတဲ့ ဆုအပေါ်မှာ ဂုဏ်ယူဝမ်းမြောက် ကျေနပ်နိုင်ကြ လိမ့်မယ်ဖြစ်ကြောင်း ကျွန်တော်တို့ အလေးအနက် ယုံကြည်မိပါတယ်။
၇။ ဒီလို ဆုရွေးချယ်ပေးခြင်းကို ပထမဦးဆုံးအကြိမ်အဖြစ် စတင်ပြုလုပ်ပြီးတဲ့အခါမှာ နောက်နှစ် ဆုပေးပွဲအတွက် ဘလော့ဂ်လောကမှာ ဖြစ်ပေါ်လာနိုင်တဲ့ အခြေအနေ ၊ အလားအလာရှိတာတွေကို ခန့်မှန်းမိပါသလား ။
ဖြေ။ ။ အနိမ့်ဆုံး အဆင့်အနေနဲ့ မြန်မာဘလော့ဂ် ရပ်ဝန်းအတွင်းမှာ ပျော်ရွင်ကြည်နူးဖွယ် အစီအစဉ်တစ်ခု အဖြစ် ဘလော်ဂါများ အားလုံး ဝင်ရောက်ဆင်နွဲနိုင်ဖို့ ဆိုတဲ့ ရည်ရွယ်ချက် တစ်ခု နဲ့ အစပြုခဲ့တဲ့ ဒီအစီအစဉ်ကို လာမယ့် နှစ်တွေအတွက်ပါ နှစ်စဉ် ကျင်းပပြုလုပ်သွားနိုင်ဖို့ နဲ့ ကျွန်တော်တို့ MMBlogPressTeam အဖွဲ့ရဲ့ အစီအစဉ်များကို စိတ်ပါဝင်စားပြီး ကိုယ်ကျိုးမဖက် ဆောင်ရွက်လိုသူ အဖွဲ့ဝင်များဖြင့်လည်း တိုးချဲ့ဖွဲ့စည်း သွားနိုင်ဖို့ ကျွန်တော်တို့ အစီအစဉ်များ ချမှတ် ရေးဆွဲပြီး ဖြစ်ပါတယ်။ ဒီလိုပြုလုပ်တဲ့ နေရာမှာ ကျွန်တော်တို့ဟာ မည်သည့် အဖွဲ့အစည်း၊ မည်သည့် အုပ်စု၊ မည်သည့် အရောင်အသွေးများကိုမှ ဝင်ရောက် စွက်ဖက်ခြင်း၊ ဖိအားပေး လုပ်ဆောင်စေခြင်း များကိုမှ လက်ခံဆောင်ရွက်သွားဖို့ မရှိကြောင်း နှင့် မြန်မာဘလော့ဂ်လောက ဖွံ့ဖြိုးတိုးတက်ရေး အတွက် သက်သက်ရည်ရွယ် လှူဒါန်းတဲ့ ယုံကြည်လောက်ဖွယ် ရှိတဲ့ စေတနာသက်သက် အလှူရှင် အဖွဲ့အစည်းများရဲ့ လှူဒါန်းမှုများမှ အပ အခြားသော အကျိုးလို၍ ညောင်ရေသွန်းသည့် ငွေကြေးဆိုင်ရာ ပေးကမ်း လှူဒါန်းမှုများကိုမှ လက်ခံသွားမှာ မဟုတ်ကြောင်း၊ အဲဒီလို အဖွဲ့အစည်းမျိုး ထံကိုလည်း ရှာဖွေ၊ ချည်းကပ်၊ ရယူ၊ ကိုယ်ကျိုးအတွက် အသုံးချသွားမှာ မဟုတ်ကြောင်း အလေးအနက် ထပ်မံ ပြောကြားလိုပါတယ်။
ကျွန်တော်တို့ ဒီ ဆုပေးပွဲ အစီအစဉ်ရဲ့ မြန်မာဘလော့ဂ် လောက အပေါ်မှာ ဖြစ်လာစေလိုတဲ့ အကျိုး သက်ရောက်မှုများ အနေနဲ့ ကတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက် စာမျက်နှာပေါ်မှာ ဖော်ပြထားတဲ့ အတိုင်းပါပဲ။ နောက်ထပ်သော ကျွန်တော်တို့ ရည်မှန်းတဲ့ ကျွန်တော်တို့ရဲ့ အနာဂတ် အစီအစဉ်တွေကို ပြောရရင် ကျွန်တော်တို့ဟာ လွတ်လပ်မှု၊ ညီညွတ်မှု၊ တရားမျှတမှု တို့ကို လိုလားတဲ့ မြန်မာလူငယ်တွေ ဖြစ်ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ကိုယ်ကိုယ်တိုင် အရိုးသားဆုံး ဖြစ်ဖို့ ကြိုးစားရင်း ကိုယ့်ကိုယ်ကို လေးစားမှုရှိဖို့ ကြိုစားသလို လူတိုင်းကို လေးလေးစားစား ဆက်ဆံနိုင်ဖို့ ကြိုးစားနေကြတဲ့၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ရင်း ကိုယ်ပိုင် အလုပ်တစ်ဖက်၊ ကျောင်းတစ်ဖက်၊နဲ့ မိမိဝါသနာပါရာ ဘလော့ဂ် နယ်ပယ်မှာ ကိုယ့်ဘဝကိုယ် ကောင်းမွန်စွာ ထိန်းကျောင်း နေနိုင်ကြတဲ့ လူငယ်များလည်း ဖြစ်ကြပါတယ်။ အဲဒီလို အခြေအနေမှာ ကျွန်တော်တို့ဟာ မြန်မာပြည်ရဲ့ အနာဂတ်မှာ ဦးဆောင်ပါဝင် ဖန်တီးသူတွေ ဖြစ်လာနိုင်ကြမယ့် ဒီဘလော့ဂ် လောက က မြန်မာလူငယ်တွေကို သူတို့ရဲ့ ကြိုးစား အားထုတ်မှု တွေကို လူတိုင်းက အကောင်းဆုံး အသိအမှတ် ပြု၊ မှတ်တမ်းတင် ပေးကြဖို့၊ အဲဒီ လူအားလုံး ဆီက အသိအမှတ်ပြုမှု၊ မှတ်တမ်းတင်မှုတွေ ကတဆင့် သူတို့ရဲ့ အကောင်းဆုံး အရည်အချင်းတွေ စဉ်ဆက် မပြတ် ဆက်လက် ထွက်ပေါ်လာစေဖို့၊ အဲဒီ ထွက်ပေါ်လာတဲ့ အကောင်းဆုံး အရည်အချင်းတွေ၊ အရည်အသွေး တွေကို အနာဂတ် ကိုယ့်မြန်မာနိုင်ငံကြီး အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပေး၊ အသုံးချနိုင်ကြစေဖို့ စသဖြင့် အမြင့်ဆုံးသော ရည်မှန်းချက် အထိ ထားရှိထားခဲ့ကြပြီး ကျွန်တော် တို့ရဲ့ အဲဒီရည်မှန်းချက်၊ ရည်ရွယ်ချက် တွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ လိုအပ်တဲ့ အကူအညီတွေ ရရှိဖို့ လေးစားယုံကြည်ဖွယ် အဖွဲ့အစည်းများ ဆီကို နိုင်ငံတကာ အဆင့်အထိ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်း ဆောင်ရွက်သွားနိုင်ဖို့ ကြိုးစားသွားမှာပါ။ အဲဒီလို ကျွန်တော်တို့ လုပ်ဆောင်တဲ့ နေရာမှာ ကိုယ်ကိုယ်တိုင် ရိုးသားမှု ဆိုတာကို သေသေချာချာ နားမလည်တဲ့ အတွက် ကိုယ့်ကိုယ်ကို လေးစားမှု၊ ကြည်ညိုမှု ပျက်ယွင်းနေကြသူများ အနေနဲ့ကတော့ ကိုယ် မရိုးမသား လုပ်ခဲ့သလိုပဲ ကျွန်တော်တို့ MMBlogPress Team အနေနဲ့လည်း ကိုယ်ကျိုး အတွက် လုပ်နေကြတယ်လို့ ထင်တစ်လုံးနဲ့ ဝေဖန်စွပ်စွဲ ပြောဆိုမှုတွေ ရှိလာမှာ အမှန်ပါပဲ။ အဲဒီလို လူ့အဖွဲ့အစည်း တစ်ခုအတွက် အမြင့်ဆုံး၊ အကောင်းဆုံး ဆိုတဲ့ အနေအထားတစ်ရပ်ကို ရည်ရွယ်ပြီး ကိုယ်တတ်နိုင်သလောက် ကိုယ်လုပ်နေသည်မှာ မှန်သော်လည်း အထက်က ဆိုခဲ့သလို မလိုလားအပ်တဲ့ အခြေအနေမျိုး၊ အဆိုးမြင်စိတ်နဲ့ ဝေဖန်ပြောဆိုခံရမယ့် အခြေအနေမျိုးများ ကြုံလာခဲ့ရမယ် ဆိုရင်လည်း ကျွန်တော်တို့ အနေနဲ့ မည်သည့် တုံ့ပြန်ပြောဆိုမှုမျိုးကိုမျှ ပြုလုပ်လိမ့်မည် မဟုတ်ပဲ မိမိတို့ရည်ရွယ်တဲ့ အလုပ်အပေါ်မှာသာ အကောင်းတကာ့ အကောင်းဆုံး ဖြစ်အောင် ပိုမို အာရုံစိုက် လုပ်ဆောင် သွားကြလိမ့်မယ် ဖြစ်ကြောင်း ပျော်ရွှင်စရာ အစီအစဉ်လေးကို ဖြစ်မြောက်အောင် ဘေးကတာဝန်ယူပေးတဲ့ ကျွန်တော်တို့အနေနဲ့ ဖြေကြားရင်း နိဂုံးချုပ် ပါရစေ ခင်ဗျား။
အခုလို စိတ်ရှည် လက်ရှည် ဖြေကြားပေးတဲ့ MBAA ကို ကျွန်မတို့ လောကအလှက ကျေးဇူးတင်ရှိပါတယ် ရှင်။

